တရား စခန်း

in voilk •  3 months ago

    သင်္ကြန်ကျတော့မည်။ ပျော်ဖို့ တွေးနေသူတွေလည်း ရှိကောင်း ရှိမည်။ အနည်းစုလောက်သာ ဖြစ်မည်။ သင်္ကြန်က ကျနော့် အတွက်တော့ ပျော်စရာ ပွဲတော် တခု မဟုတ်ပေ။ ရေပက်ခံရမည် စိုးသဖြင့် ဘယ်မှ မသွား၊ မလည်ပတ် ဖြစ်ပေ။ အသက် ၃၀ မပြည့်ခင်ထိတုန်းကတော့ သူငယ်ချင်းတွေ ဘာတွေနဲ့ လည်တာ ပတ်တာမျိုးတော့ ရှိခဲ့၏။ သင်္ကြန်မြို့တော်ဟု ခေါ်တွင်လို့ရသည့် မန္တလေးအထိလည်း သွားရောက် လည်ပတ် ခဲ့ဖူးပြီး ဖြစ်၏။ ထိုသို့ နှစ်စဉ် နှစ်တိုင်း သွားလာ လည်ပတ်ခဲ့ပေမယ့် အပြည့်အဝကြီး ပျော်သလို မခံစားရပေ။

    ကျနော်ကား သင်္ကြန် နှင့်အတူ မပျော်တတ်သော သတ္တဝါပင်။ နို့ ဒါဖြင့် ဘယ်ပွဲပျော်လဲ မေးက တန်ဆောင်တိုင် ပွဲတော်ဟု ဖြေရပေလိမ့်မည်။ သို့ပေမယ့် ဒါတွေကလည်း လွန်ခဲ့သော ‌၄၊ ၅ နှစ်မှာ ကျန်ရစ်ခဲ့လေပြီ။ လက်ရှိ နှစ်ကာလ အပိုင်းအခြားမှာတော့ ဘယ်ပွဲတော်မှလည်း ပါဝင်ဆင်နွှဲခြင်း မရှိသလို ပျော်လည်း မပျော်နေပေ။

    နောက်ပိုင်း သင်္ကြန်လများမှာ အိမ်တွင်းပုန်း ဖြစ်တာသာ များတော့၏။ ဒါဖြင့် တရားစခန်း ဝင်လေဟု ပြောစရာ ရှိ၏။ ဟုတ်ကဲ့ တရားစခန်း နှစ်ကြိမ်တိတိ ဝင်ဖူးခဲ့၏။ ဘုန်းကြီးဝတ်နဲ့ တခါ၊ လူဝတ်နဲ့ တခါ ဖြစ်၏။ ထို နှစ်ကြိမ် ပြီးနောက်မှာတော့ ဘယ်တော့မှ တရားစခန်း ထပ်မဝင်ဖို့ ဆုံးဖြတ်ထား၏။ တရားပေါက် သွားလို့တော့ မဟုတ်ပေ။ တခြား အကြောင်းကိစ္စကြောင့် ဖြစ်၏။

    သင်္ကြန်ကာလမှာ ဘုန်းကြီးကျောင်းတက် သီလ ယူတာမျိုးကတော့ နှစ်တိုင်း လုပ်ဖြစ်၏။ ကျနော်တို့ ဒေသဘက်ကကြ နှစ်ဆန်းတရက်ထဲ မဟုတ်ဘဲ သင်္ကြန် တတွင်းလုံး ဘုန်းကြီးကျောင်းတက်ကြ၏။ တရက် တကျောင်း မဟုတ် တရက်ထဲကို ၄၊ ၅ ကျောင်း တက်ကြ၏။ ကျောင်းတက်ရင်း အသိတွေ တွေ့ရင် ဘယ်နှယ်ကျောင်း ရှိပြီးတုံး မေး၊ ဖြေ ကြတာလေးက ပျော်စရာ ကြည်နူး စရာပင်။

    လှူဖွယ်ပစ္စည်းများ လှူဒါန်ပြီး ကျောင်းက ပြန်လည်ကျွေးမွေးသည့် စတုဒီသာအလှူမှာ စားသောက်ခြင်းဖြင့် အပြန်အလှန် ဒါန ပြုကြလေ၏။ မနက်ကျောင်းတက်ပြီး တချို့သူများကတော့ နေ့လည်နှင့် ညနေမှာ ရေကစားကြ၏။ ဒီနှစ်မှာတော့ ရာသီဥတုပူပြင်းမှုကြောင့် ရေကစားသူများ သတိထားဖို့တော့ လိုမည် ဖြစ်၏။

    ဒီနှစ်တော့ ကျနော်တို့ ဘုန်းကြီးကျောင်း တက်ဖြစ်မယ် မထင်ပေ။ အမေ့၏ ဒူးက ယခင်နှစ်ထက် အ‌ခြေအနေ ဆိုးလာသောကြောင့် ဖြစ်၏။ ဆိုင်ကယ်နှင့် သွားကြသည် ဆိုပေမယ့် ကျောင်း ပေါ်သို့ အတက်အဆင်း လှေကားထစ်တွေက အမေ့ အတွက် အဆင် မပြေလှပေ။ ထို့ကြောင့် ဒီနှစ်တော့ ကျောင်း မတက်ဖြစ်လောက်ပေ။ တက်ဖြစ်ခဲ့ရင်တောင် ယခင်လောက် ကျောင်း မများလောက်ပေ။

    ဒီနှစ် ကျနော့် အမငယ် တရားစခန်း ဝင်မည် ဖြစ်၏။ ထူးခြားဒါက သူအပြင် ကျနော့် တူနှင့် တူမလည်း တရားစခန်း ဝင်ကြမည် ဆို၏။ လုပ်ကြည့်မယ် လုပ်နိုင်သည်ဟု ဆို၏။ လုပ်ကြည့်ပါစေဆိုပြီး သူတို့ အဖွား ကျနော့် အမေကလည်း ခွင့်ပေးလေ၏။ ရာသီဥတုကလည်း ပူကပူနဲ့ဆိုတော့ သူမြေးတွေ ရေကစားတာထက် တရားစခန်း ရောက်နေရင် တမျိုးလည်း ကောင်းတာပေါ့ဟု အမေက သုံးသပ်လေ၏။ ဒီနှစ် သင်္ကြန်တော့ အိမ်မှာ အမေနှင့် ကျနော်ပဲ ရှိပေလိမ့်မည်။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!