ဆောင်း အကုန်

in voilk •  5 months ago

    ဒီရက်ပိုင်း ပြန်အေးလာသလိုပင်။ ရှေ့ရက်တွေက အအေးပေါ့နေရာက ခုရက်ပိုင်း ပြန်အေးလို့လာ၏။ အင်း ... ဆောင်းကုန်ခါနီးလို့ ထင်ပါရဲ့ လက်ကျန် အအေးကို အကုန်ထုတ်နေသည် ထင်။ ဒီနှစ် ဆောင်းက ဒီအတိုင်း ပြီးသွား၏။ ဒီနှစ်ဆောင်း မှရယ် မဟုတ် ‌ရှေ့ ၃ နှစ် နွေ၊ မိုး၊ ဆောင်း အကုန်လုံးက ဒီအတိုင်း ပြီးသွားကြသည်ချည်းသာ ဖြစ်၏။ ငဗစ် ကာလတုန်းကတောင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ နေရအဆင်ပြေသေး၏။ ဘယ်မှ မသွားရပေမယ့်လည်းပေါ့။

    ငဗစ် အပြီးမှာ ကမ္ဘာ့တခြားနိုင်ငံများ ပုံမှန် အခြေအနေဖြင့် ပြန်လည် လည်ပတ်ရှင်သန်ခွင့်ရကြပေမယ့် ကျနော်တို့ မြန်မာ နိုင်ငံမှာတော့ ငဗစ် အလွန် ငစစ်ကြောင့် အဆိုးနွံမှ ထွက်၍ အကောင်းကို ဦးတည်မည် ရှိသေး ပိုဆိုး ပိုနက်သည့် ဒုက္ခနွံထဲ ကျရောက်ရပြန်၏။ တိုင်းပြည် ချောက်ထဲ ကျမည် စိုးသောကြောင့် ဆိုသည့် စကားနဲ့ပဲ တိုင်းပြည်ကို ကိုယ်တိုင်ပဲ ချောက်ထဲ ဆွဲချ၊ တွန်းချနေတော့၏။

    ဒီနှစ်ဆောင်းက ပိုအေးလားဆိုရင်တော့ ကျနော် မပြောတတ်။ ရာသီဥတု ညွှန်းကိန်းပြ နှိုင်းယှဉ်မှု ဇယားတွေ ဘာတွေ ပြန်ကြည့်ရင်တော့ သိနိုင်ကောင်းပါရဲ့။ ကျနော့် အတွက် အအေးဆုံးဆောင်းကတော့ အဖေ ဆုံးပြီးစ နှစ်မှာ ကျရောက်သည့် ဆောင်းဖြစ်၏။ အေးစက်စက် ဆောင်းညတွေမှာ သတိရခြင်းနဲ့ ပူလောင်နေရတာကတော့ အဆင် မပြေလှပေ။

    ခုလက်ရှိ အခြေအနေကကော ဆိုရင်တော့ ထိုစဉ်ကလောက်တော့ မပူလောင်ရပေမယ့် အထိုက်အလျောက်တော့ ပူပန်နေရသေး၏။ ကိုယ့်မှာက စားစရာ၊ ဝတ်စရာ၊ နေစရာ ရှိသေး၏။ နေစရာ မရှိတော့သူတွေ၊ နေစရာကော ဝတ်စရာကော မရှိကြတော့တဲ့ သူတွေ၊ စားစရာကော ဝတ်စရာကော နေစရာကော မရှိကြတော့တဲ့သူတွေဆို မည်သို့ နေမည်နည်း။

    နွေမှာ ဒုက္ခအားဖြင့် သက်သာလျော့နည်းပေမယ့် မိုးနှင့် ဆောင်းမှာတော့ ပိုမို၍ ခက်ခဲနိုင်၏။ အမိုးအကာ မရှိ၊ အနွေးထည် မရှိနဲ့ရယ်။ ရှောင်ဟ ရှားဟ ပြေးဟ လွှားဟက စကားအရသာ လွယ်၏။ တကယ်တမ်း ပြေးရပြုရ ပါက ဝရုန်းသုန်းကားနှင့်ရယ်။ မြို့ပေါ် ဖြစ်ရင် ရွာဘက်ပြေး၊ ရွာမှာ ဖြစ်ရင် မြို့ပေါ်ပြေး။ ဘယ်သွားရမှန်း မသိလို့ တောထဲ သွားရှောင်နေသူတွေလည်း ရှိ၏။ တခါတလေ ရှောင်နေသည့် နေရာကိုမှ စစ်ကြောင်း လာထိုးသည့်အခါ နောက်တနေရာ ထပ်ပြေးကြရပြန်၏။

    ဒီကာလကြီးမှာ အဆင်ပြေနေသူ အင်မတန်မှ နည်းလိမ့်မည်။ လူတိုင်းမှာ ဒုက္ခ ကိုယ်စီနဲ့။ ပို ဒုက္ခ ရောက်သူနဲ့ နည်းနည်းပဲ ဒုက္ခရောက်သူသာ ကွာလိမ့်မည်။ ကူနိုင်သူတွေ ကူနေကြသေးပေမယ့် ယခင်လောက်တော့ သူတို့လည်း မကူနိုင်ကြတော့ပေ။ Golden Land ဆိုပြီး တချိန်က ဂုဏ်ယူဝင့်ကြွား ခဲ့ကြပေမယ့် ခုခါမှာတော့ Guns Land, War Land, Dangerous Land အဖြစ်သို့ ပြောင်းသွားခဲ့လေပြီ။ စနစ်ဆိုးကြီးကို တိုက်ထုတ်နိုင်ခဲ့ပြီးရင်တောင် ပြန်လည် နလန်ထူနိုင်ဖို့ အချိန်ယူကြရပေလိမ့်ဦးမည်။

    ဖျက်ဆီးရတာ လွယ်ပေမယ့်

    တည်ဆောင်ခြင်းတွေကတော့ ခက်ခဲလွန်း လှပေ၏။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!