၁သိန်းနဲ့ ၈သောင်း

in voilk •  last month

    ဒီရက်ပိုင်း စာရေးချင်စိတ်ရှိနေလို့ ဘာရေးရရင်ကောင်းမလဲ စဉ်းစားမိတယ်။ စာမရေးဖြစ်တာလည်း ကြာပြီ တစ်ခုခုတော့ ရေးဉီးမှ ဆိုပြီး ကိုယ့်ကိုယ်ကို တွန်းအားပေးမိတယ်။ စာရေးချင်တာထက် ရင်ဖွင့်ချင်တယ်ဆို ပိုမှန်မယ်ထင်ပါတယ်။

    တကယ်တော့ လက်ရှိလုပ်နေတဲ့ ဟိုတယ်အလုပ် (Housekeeping) အလုပ်က မလွယ်ကူပေ။ ဟိုးအရင်၊ ယခင်လုပ်ခဲ့တဲ့ ဟိုတယ်တုန်းက Housekeeping အလုပ်က အေးအေးဆေးဆေးပင်။ အင်းလေ...၊ အဲ့ဒီတုန်းက ဟိုတယ် အလုပ်က ခေတ်ကောင်းခဲ့တာကိုး။ ၂၀၁၅ - ၂၀၁၆ ခုနှစ်တွေဆိုတာ နိုင်ငံခြား ခရီးသွားတွေ မြန်မာနိုင်ငံကို တဟုန်ထိုး ဝင်ရောက်လာကြတဲ့ အချိန်ဖြစ်ခဲ့တာ။ အဲ့ဒီတုန်းက ဘယ်လောက်တောင် နိုင်ငံခြား ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်ကြသလဲဆိုရင် မန္တလေးရွှေမြို့တော်မှာရှိတဲ့ ဟိုတယ်တွေမှာ နိုင်ငံခြား ခရီးသွားတွေ ပြည့်လျှံပြီး တည်းခိုစရာအခန်း မရှိတော့လောက်အောင် ဖြစ်ခဲ့တာ။ ဒါကို မြင်လာတဲ့ စီးပွားရေးသမားတွေက ဟိုတယ်တွေ ဇွတ်အတင်း၊ အပြိုင်အဆိုင်ဖွင့်ကြတယ်။ ဘယ်လောက်တောင် ဇွတ်အတင်း ဖွင့်လိုက်သလဲဆိုရင် မန္တလေးမြို့ လက်ညိုးထိုးမလွဲ ဟိုတယ်တွေ ဖြစ်ကုန်ပြီ။ တစ်ခုတော့ ရှိတာပေါ့လေ၊ လက်ညိုးကို မြေကြီးကိုတော့ ငုံ့မထိုးနဲ့ပေါ့။ မြေကြီးအောက်ထဲဆင်းဆောက်ထားတဲ့ ဟိုတယ်ဆိုတာမှ မရှိသေးပဲလေ။

    ပြောရဉီးမယ်၊ အဲ့ဒီတုန်းက ဟိုတယ်ဝန်ထမ်းဆိုရင် နဲနဲတော့ တောက်ပြောင်တယ်။ ဂုဏ်ရှိတယ်ပေါ့။ သူငယ်ချင်းတွေဆုံလို့ စကားပြောကြရင် ငါကခု ဘယ်ဟိုတယ်မှာလုပ်နေတာ။ ငါတို့ဟိုတယ်က ဘယ်လိုမိုက်တာ၊ ဘယ်လိုကောင်းတာ စသဖြင့် ဂုဏ်စွာပြီး ပြောရတာ အရသာရှိပေါ့။ အဲ့ဒီတုန်းက ဟိုတယ် အလုပ်ချိန်က မှန်တယ်။ လစာလည်း အဲ့​ခေတ်တုန်းက အခြေခံလစာအတိုင်း ဟိုတယ်ဝန်ထမ်းတွေ ရကြတယ်။ အလုပ်ချိန်ကလည်း နာရီ ၈ နာရီခွဲသာ။ အေးအေးဆေးဆေး သာသာယာယာ ဖြစ်ခဲ့တာပေါ့။ အခုများတော့ ဟိုတယ် အလုပ်က ခေတ်ပျက်သွားခဲ့ပြီ။ ဒီနေရာမှာ တစ်ခုတော့ ကြံဖန်ပြီး ချီးကျူးစရာရှိတယ်။ အဲ့တာက အခြေခံလစာပါ။ ခေတ်ဘယ်လောက်ပျက်ပျက် အခြေခံလစာက ၁သိန်းနဲ့ ၈သောင်း။ ကုန်စျေးနှုန်း ဘယ်လောက်တက်တက်၊ လစာက ၁သိန်းနဲ့ ၈သောင်း။ အဲ့ဒီလို အမျိုးမျိုး ပြောင်းလဲပြီး ဆင်းရဲ ဒုက္ခတွေကြုံတွေ့နေရသည့်တိုင်အောင် မပြောင်းမလဲ၊ တည်တည်ငြိမ်ငြိမ်နဲ့ ဒီအခြေခံလစာကို ထိန်းထားနိုင်တဲ့ အရည်အသွေးကိုတော့ ကျွန်တော်ဖြင့် မချီးကျူးပဲ မနေနိုင်။ တခါတခါ ကျွန်တော်တွေးမိတယ်။

    "မပြောကောင်းမဆိုကောင်း ကျွန်တော်အိုမင်းပြီး သေဆုံးသွားခဲ့ရင်တောင် ဒီအခြေခံလစာ ၁သိန်းနဲ့ ၈သောင်း က ပြောင်းမှာ မဟုတ်ဘူး"လို့။

    IMG_20250317_221048_779.jpg

    #ကိုကိုမိုးဟိန်း
    #kokomoehein
    @myanmarkoko

    11pm,
    Fri, Mar 14
    2025

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!