အမေနှင့် အဝတ်လျှော် စက်

in voilk •  5 months ago

    အိမ်မှာ အဝတ်လျှော်စက် တလုံး ရှိ၏။ ဝယ်ထားတာတော့ ကြာခဲ့ပါပြီ။ အိမ်က တူ၊ တူမလေးတို့ တသက်လောက် နီးနီးဟု ပြောလို့ရ၏။ တူမလေး က အမကြီးက မွေးတာ၊ တူလေးက အမငယ်က မွေးတာ။ မောင်နှမ ဝမ်းကွဲ နှစ်ယောက် အသက်အားဖြင့် (၄) လသာ ကွာ၏။ ‌မွေးလာပြီး ကတည်းက အတူတူနေလာကြတော့ မောင်နှမ ဝမ်းကွဲပေမယ့် မောင်နှမ အရင်းတွေလိုပင်။ သမီးက အကြီး သားသားက အငယ်ပေါ့။ ခုတော့ အသက် ၁၂ နှစ် အရွယ်လေးတွေ ဖြစ်နေခဲ့ပြီ။

    သူတို့ကို မွေးပြီး မကြာမီမှာပင် အဝတ်လျှော်စက် ဝယ်ဖြစ်သွားခြင်း ဖြစ်၏။ မိုးတွင်းကာလ ခင်းနှီး၊ ကလေး အဝတ် ဘာညာ လျှော်ပြုဖို့ လူလည်း သက်သာ၊ အဝတ်လည်း မြန်မြန်ခြောက်စေရန် အလို့ငှါပေါ့လေ။ တလုံးထဲ မပေးချေနိုင်လို့ အရစ်ကျ ဝယ်ခဲ့ရသည် ထင်၏။ သိပ်တော့ မမှတ်မိတော့ပေ။

    အဝတ်လျှော်စက်ကြောင့် လူတော့ သက်သာ၏။ သို့ပေမယ့် ရေတော့ ပိုကုန်၏။ မီတာလည်း တက်၏။ နို့ပေမယ့် ခြုံပြီး ကြည့်ရင်တော့ အရင်လောက် မပင်ပန်းတော့တာက အမြတ်ပင်။ ပင်တိုင်လျှော်သူတွေကတော့ အမနှင့် ကျနော်ပေါ့။ အမေက ဒီနှစ်အပိုင်းအခြား တနည်းအားဖြင့် ဒီဘက်အိမ် ပြောင်းလာပြီးမှ တခါတလေမှ ဝင်ဝင်လျှော် ဖြစ်၏။

    အဝတ်လျှော်စက်က မီးဖိုခန်းမှာ ထား၏။ ကျနော် အဝတ်လျှော်ချိန်နှင့် အမေ ထမင်းဟင်းချက်ချိန်က အမြဲလို တိုက်၏။ မီးက မမှန်တော့ လာတုန်း လုပြီး လုပ်ရ၏။ အမေက ချက်၊ ကျနော်က လျှော်ပေါ့။ ကျနော်က ပိုသက်သာပါ၏။ အမေက နေ့စဉ် ချက်ပြုတ်ရပြီး ကျနော်က ရက်ခြားသာ အဝတ်လျှော်ရခြင်း ဖြစ်၏။

    အဝတ်လျှောက်စက်က နှစ်ကန်ပါ ဖြစ်၏။ တကန်ကလျှော် တကန်က အခြောက်ညှစ်ကန် ဖြစ်၏။ အဝတ်လျှော် ရေကျင်းပြီး အခြောက်ကန်ထဲ တန်းထည့်တိုင်း အမေက ကျနော့်ကို လှမ်းလှမ်းပြောလေ့ ရှိ၏။ အဝတ်တွေ ရေညှစ်ပြီးမှ ထည့်လေတဲ့။ ဟင် အခြောက်ခံ၊ ရေညှစ်ကန်က ညှစ်ပေးလိမ့်မယ်လေ အမေရဲ့ ဆိုတော့ မဟုတ်ဘူး ညှစ်ပြီးမှ ထည့်တော့ ရေကျန်တာ နည်းပြီး မြန်မြန် ခြောက်တာပေါ့တဲ့။

    အဝတ်လျှောက်စက်က (စက်တို့၏ သဘောသဘာဝက) လူသက်သာဖို့ မဟုတ်လား။ ဒါကို အမေက အခု အဝတ်တွေ ရေညှစ်ပြီးမှ ရေညှစ်ကန်ထဲ ထည့်ခိုင်းနေ၏။ ထိုသို့ ကျနော် ပြန်ပြောတိုင်း သားက နည်းနည်းမှ မညှစ်ဘဲ ထည့်နေတာလေ အမေက လုံးဝညှစ်ခိုင်းတာ မဟုတ်ဘူး၊ နည်းနည်းလောက် ညှစ်ပြီး ထည့်ဖို့ ပြောတာ ဟု ဆိုပြန်၏။

    ဒီနေရာမှာ အမေနှင့် ကျနော် သဘောထားခြင်း မတိုက်ဆိုင်တော့ပေ။ အမေ ထိုသို့ ဆိုပေမယ့် ကျနော်ကလည်း မညှစ်ဘဲ ဒီအတိုင်းထည့် ‌ပြီး လျှော်မြဲပင်။ တရက်သား ကျနော် အပြင်သွားစရာ အကြောင်းပေါ်လာသဖြင့် အပြင်သွား၏။ မီးပျက်မည် ဆိုးသဖြင့် အမေက အဝတ်တွေ လျှော်ထား၏။ ဆပ်ပြာရည်နှင့် လှည့်နေတုန်း ကျနော် ပြန်ရောက်လာ၏။ ကျနော် အဝတ်အစားလဲပြီး အဝတ်လှမ်းရန် အင်္ကျီချိတ်ယူပြီး အလာမှာ အမေက အဝတ်တွေ ရေကျင်းလိုက်ပြီး ရေညှစ်ကန်ထဲ ထည့်ဖို့ လုပ်နေပြီ။

    အဲ့မှာ သူပြောနေကြအတိုင်း အဝတ်ကို လက်နှင့် ညှစ်ပြီးမှ ရေညှစ်ကန်ထဲ ထည့်နေတော့၏။ ‌ကျနော် ဆက်လုပ်မယ် ပြောပေမယ့် ပြီးအောင်ညှစ်ပြီး စက်ထဲ ထည့်သွား၏။ စက်နှင့်မွှေခြင်း အချောသတ်ကိစ္စမှသာ ကျနော် ဆက်လုပ်ရ၏။ အမေရယ် ညှစ်နေသေးတယ် လူ မောအောင်ဟု ဆိုတော့ အဲ့လိုလုပ်တာက ရေကျန်တာ နည်းပြီး အ‌ခြောက်မြန်တယ် ဆိုနေသေးပြန်၏။

    အဝတ်မွှေ့ပြီး စက်ကနေထုတ်နေရင်းက အမေ ရော့ လာကိုင်ကြည့် ညှစ်ပြီး ထည့်ထည့် မညှစ်ဘဲ ထည့်ထည့် တူတူပဲ ဟု ပြောလိုက်၏။ အမေက ဟင်းချက်နေရာက မတူဘူး ငါ လုပ်တာက အဝတ် ပိုအခြောက် မြန်တယ်ဟု တွင်တွင် ဆိုနေတော့၏။ အင်း အမေက အဝတ်လျှော်စက်လေး ပင်ပန်းမည် ဆိုးသည် ထင် အဝတ်တွေ ကူကူ၍သာ ညှစ်နေလေတော့၏။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!