လမ်း

in voilk •  last month

    ဒီရက်ပိုင်း မိုး ပုံမှန် ရွာနေ၏။ မိုးရာသီ ခပ်စောစော ရောက်လာမည် ထင်။ မိုးဦးသည် နွေနှောင်း၏ နေရာ အစားဝင်ဖို့ ခြေတလှမ်း စတင်လို့ လှမ်းနေ‌ခဲ့ပြီ။ တနေ့ကုန် တစိမ့်စိမ့် တအိအိ မရွာသေးတာကိုတော့ ကျေးဇူးတင်ရမည်။ ခပ်ကြီးကြီးနှင့် နာရီပိုင်းလောက် ရွာပြီး နေပြန်သာသည့် အချက်ကတော့ သဘောကျချင်စရာ။ အပူ အနည်းငယ် သက်သာသည် မဟုတ်လား။ ရှေ့ရှောက် အပြင် ဘာညာ သွားရင် မိုးကာ တပါတည်း ဆောင်ယူသွားဖို့ လိုမည်။

    တရက်သားက မရည်ရွယ်ဘဲ အင်းထဲ (အင်းလေး) သွားလည် ဖြစ်၏။ ဖောင်တော်ဦးနှင့် အလိုတော်ပြည့် ဘုရား ဖူးမြော် ဖြစ်၏။ တောင်ကြီးမှာ နေသူတွေအဖို့ အင်းလေးကို သက်သက်ကြီး သွားလည်နေစရာ မလိုလှပေ။ ဧည့်သည်ဘာညာ လာလည်သူတွေကို လိုက်ပို့ ပေးရင်းက ကိုယ်တွေပါ ရောက်ရောက်သွားလေ့ ရှိသည်ကိုး။ ယခုလည်း ထိုအတိုင်းပင်။

    ကိုယ့် ဧည့်သည်တော့ မဟုတ်၊ သူငယ်ချင်း၏ ဧည့်သည် ဖြစ်၏။ သူ့ကို လိုက်ပို့တာကို ကိုယ်တွေက အဖော် အဖြစ် ပါသွားခြင်း ဖြစ်၏။ နွေဆိုတော့ အင်းထဲမှာ ရေနည်းနေ၏။ မိုးနှင့် ဆောင်းမှသာ ရေပြန်များမည် ဖြစ်၏။ ရေတင် နည်းသည် မဟုတ် ဧည့်သည်လည်း နည်း၏။ လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် နိုင်ငံခြားသား လာရောက် လည်ပတ်မှုက ယခင်ထက်စာရင် သိသိသာသာကြီးကို နည်းသွားခဲ့၏။ အခြား နိုင်ငံမှ လည်ပတ်သူ မပြောနဲ့ ပြည်တွင်း လာရောက် လည်ပတ်သူပင် အတော် နည်းသွားခဲ့၏။

    ပြည်တွင်းရေး မငြိမ်မသက်မှုက နိုင်ငံကိုကော၊ နိုင်ငံသူ နိုင်ငံသားများကိုကော ထိခိုက် နစ်နာစေ၏။ ခရီးသွား နည်းတော့ ဈေးသည်တွေမှာလည်း ဈေးရောင်းရ ပြုရတာ အဆင်မပြေပေ။ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် စားသောက်ဆိုင်၊ ဟိုတယ် နှင့် အခြား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကိုပါ ထိခိုက် နစ်နာ စေ၏။ နိုင်ငံခြားသား လာရောက်မှု နည်းသဖြင့် Tour Company, Tour Guide များ လုပ်ငန်း ရပ်နားတာတို့ လုပ်ငန်း ပြောင်းတာတို့ လုပ်ကြရ၏။ နှစ်ရှည်လများ တည်ဆောက်ခဲ့ရသမျှ ခဏချင်းမှာပင် ပြိုလဲ ယိုင်နဲ့ သွားရ၏။

    COVID 19 အလွန် သူများတွေ တဖန် ပြန်လည်လို့ စည်ပင် ဝပြောသာယာနေချိန် ကိုယ်တွေက အဆိုးပြီး အဆိုးတွေသာ ထပ်မံ ကြုံတွေ့ ရင်ဆိုင်နေရ၏။ မြန်မာ ဆိုသည့် အတိုင်း မာတာကတော့ မာတာပေါ့လေ၊ နို့ပေမယ့် ခုလိုကြီးသာ ဆက်လက်ဆိုးရွားနေရင် အဘယ်သူက တောင့်ခံ နိုင်မည်နည်း။ ကိုယ့်ပြည်ကို ချစ်ပေမယ့် တက်နိုင်သူတွေ မတက်နိုင်သူတွေလည်း ရသလိုနည်းနှင့် တိုင်းပြည်ကို စွန့်ခွာလို့ သွားကြ၏။ လက်ရှိမှာ ဒီတနည်းကသာ ထွက်ပေါက် ဖြစ်သည် မဟုတ်လား။ ကိုယ်လွတ်ရုန်းသည်ဟုပဲ ဆိုဆိုပေါ့လေ။

    ယခင်လို ပြန်ဖြစ်ဖို့တော့ အတော်လေး အချိန်ယူကြရပေလိမ့်ဦးမည်။ စတေးခဲ့ရသည့် အသက်တွေ၊ နစ်နာခဲ့ရသည့် ဘဝတွေ အတွက် ဒီတိုင်းပြည်ကြီးကို တဖန်ပြန်လည်လို့ တိုးတက်ထွန်းကားအောင် လုပ်ပေးနိုင်ဖို့ လိုမည် ဖြစ်၏။ အားလုံး ပျော်ရွှင်ရမည့် တနေ့ အမြန်ဆုံး ရောက်လာပါစေလို့ ဆန္ဒပြု ဆုမွန်တောင်းလိုက်ရပါ၏။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!