မှန်ကန်သော နှလုံးသွင်းခြင်း

in voilk •  4 months ago

    အားလုံး မင်္ဂလာပါ

    အရင်လတုန်းက ရိပ်သာမှာ တစ်ရက် ကလေး အာနာပါန စခန်း လုပ်ဖြစ်ခဲ့တယ်။ ၈ နှစ်ကနေ ၁၂ နှစ်က တစ်အုပ်စု၊ ၁၃ နှစ်ကနေ ၁၆ နှစ်အထိက တစ်အုပ်စု၊ အုပ်စုတစ်ခုကို တစ်ရက်စီခွဲပြီး လုပ်ဖြစ်ခဲ့သည်။ ဒီ ကလေးအာနာပါန တရားပါတ်မလုပ်ခင်မှာတော့ ရန်ကုန်ရိပ်သာက ဆရာ ဆရာမတွေက သင်တန်းလာပေးပါတယ်။ ကျွန်တော်တော့ ခရီးထွက်နေတာကြောင့် တစ်ရက် မတက်ဖြစ်တာမို့ ဆရာလုပ်တဲ့ အထဲမှာ မပါပေမယ့် မှတ်တမ်းဓါတ်ပုံရိုက်ကူးရေးအနေနဲ့ ပါဝင်ကူညီခဲ့ပါတယ်။ သင်တန်းမတိုင်ခင်မှာ သင်ကြားရမယ့် သင်ခန်းစာစာအုပ်ကို ကြိုတင်ပေးထားတာမို့ ကျွန်တော် ကြိုတင်လေ့မှုတွေ လုပ်ဖြစ်ခဲ့ပါတယ်။

    ကလေးအာနာပါနဆိုလို့ မိတ်ဆွေတို့က heavy တွေးမိကောင်းတွေးမိမယ်ထင်ပါတယ်။ လူကြီးတွေတောင် တရားထိုင်ဖို့ အနိုင်နိုင်လုပ်နေရတာကို ကလေးတွေကို သင်ပေးမလို့လား စသည်ဖြင့်။ ပြီးတော့ ကျွန်တော်တို့ ဝန်းကျင်မှာ တရားထိုင်တဲ့သူကိုဆိုရင် တစ်မျိုး အူကြောင်ကြောင်လိုမျိုး ထင်ကောင်းထင်ကြတာမျိုးလဲ ရှိနိုင်မယ်ထင်ပါတယ်။ ဒီကလေး အာနာပါန သင်တန်းက အပေါ်က ပြောသလို မရှုတ်ထွေးပါဘူး။ သင်တန်းရဲ့ ရည်ရွယ်ချက်က ကလေးတွေတရားထိုင်ပြီး ကိုယ့်စိတ်ကိုကိုယ်သတိထားမိဖို့ပါပဲ။ သမာဓိရအောင် ဘာညာဆိုပြီး ရှုတ်ထွေးမှုမရှိပါဘူး။ တရားတစ်ခါထိုင်ရင် ၁၀ မိနစ်စီပဲထိုင်ရပါတယ်။ ဆရာကြီးဦးဂိုအင်ကာရဲ့ ဗီဒီယိုနဲ့ သင်ကြားတဲ့ မှတ်တမ်း နားထောင်အပြီး ၁၀မိနစ် တရားထိုင်ရတာဖြစ်ပါတယ်။အစဦးဆုံးမှာတော့ ဆရာကြီး ဦးဂိုအင်ကာ၊ သူ့ရဲ့ ဆရာ ဦးဘခင်၊ ဦးဘခင်ရဲ့ ဆရာ အနာဂါမ် သက်ကြီး၊ ဦးသက်ကြီးရဲ့ ဆရာ လယ်တီဆရာတော်၊ လယ်တီဆရာတော်ရဲ့ ဆရာ ဂေါတမ မြတ်စွာဘုရား စသည်ဖြင့် မိတ်ဆက်ပေးတာလုပ်ပါတယ်။ ပြီးတော့ မြတ်စွာဘုရား လေးအသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ပုံ၊ ပါရမီဖြည့်ခဲ့လို့ ဘုန်းကြီးပုံ စတာတွေအပြင်၊ ဒီလို တရားအားထုတ်ဖို့ အခွင့်ရဖို့ခဲယှဥ်းပုံကိုလဲ ကလေးတွေနားလည်အောင် ပြောပြပေးပါတယ်။ အဲဒီနောက်မှာ ရတာနာသုံးပါး၊ ငါးပါးသီလ အကြောင်းကို ပြောပြရှင်းပြပါတယ်။ ငါးပါးသီလကို ရှင်းတဲ့ အခါမှာလည်း ကလေးတွေနားလည်အောင် .... ကိုယ့်အသက်ကို သူများသတ်ရင် ကြိုက်သလား၊ မကြိုက်ဘူးဆိုရင် ကိုယ်ကော သူများကို သတ်ရင်ကော သူများက ကြိုက်မလား စသည်ဖြင့် ကလေး နားလည်လွယ်အောင် သီလ တစ်ခုချင်းကို ရှင်းပြပါတယ်။ ကာမေသုမိစာစာရ နေရာမှတော့ အဗြဟ္မစရိယာ နဲ့ အစားထိုပြီးသုံးပါတယ်။

    အဲဒီနောက် ကလေးတွေကို အသက်အလိုက် အုပ်စုလေးတွေခွဲပြီး ဆရာ/ဆရာမ တစ်ယောက်စီ တာဝန်ယူစေပါတယ်။ ဆရာဆရာမတွေက ဦးဂိုအင်ကာ သင်ကြားပေးတဲ့ ဗီဒီယိုကို ကလေးတွေ ပိုနားလည်အောင် counselling လုပ်ပေးပါတယ်။ ဗီဒီယို ကြည့်ပြီး တရား ၁၀ မိနစ်ထိုင် ပြီးရင် ဆရာ/ဆရာမတွေနဲ့ counselling လုပ်၊ ကြားမှာက နားချိန်လေးတွေထားပြီး ၄ကြိမ် တရားထိုင်ပါတယ်။ counselling မှာလည်းကလေးတွေကို နားလည်လွယ်အောင် ပုံပြင်စတာတွေနဲ့လဲ ရှင်းပြပေးပါတယ်။ မုဒိတာစိတ်ဆိုတာဘယ်လိုမျိုးကိုခေါ်တယ်၊ မနာလိုစိတ်မထားပဲ မုဒိတာစိတ်ပွားအောင်၊ ဂရုဏာစိတ်ပွားတတ်အောင် စတာတွေပါတာမို့ ကလေးတွေအတွက် အကျိုးရှိလှတယ်လို့မြင်ပါတယ်။ တခြားသူကို မေတ္တာ ဂရုဏာနဲ့ ကူညီတတ်အောင် နဲ့ နောက်ဆုံး လုံးဝကူညီလို့မရရင် ညီမျှတဲ့စိတ် (ဥပက္ခါ) နဲ့ ထားရမယ် စသည်ဖြင့် သင်ကြားတာတွေပါပါတယ်။ ကျွန်တော်တို့ ဥပက္ခါဆိုတာလေးကို ဆက်ပြီး ကြည့်မယ်ဆိုရင်။

    ** ယောနိသော မနိသိကာရ**

    မြန်မာ ဝီကီပီးဒီးယားမှာတော့ "သင့်-သင့်လျော်-မှန်ကန်-သော-အကြောင်း-နည်းလမ်း-အားဖြင့်-(အကြောင်း-နည်းလမ်း-မှန်အားဖြင့်)နှလုံးသွင်းခြင်း" လို့ ဆိုထားပါတယ်(ရည်ညွန်း၁ ကို ကြည့်ပါ)။ ကျွန်တော်တို့ မြင်တာ ကြားတာ အတွေး စတဲ့ အာရုံတွေကို မှန်ကန်စွာ နှလုံးသွင်း ခြင်းလို့ ကျွန်တော်နားလည်မိပါတယ်။ နှလုံးသွင်းမှန်ကန်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ လို့ မေးစရာရှိပါတယ်။ ပါချုပ်ဆရာတော် ဟောထားတာကို ရည်ညွန်းရရင် မျက်စိ နား စတဲ့ အာရုံနဲ့ တွေ့တဲ့အချိန် လောဘ ဒေါသ စတာတွေ မဖြစ်အောင် မှန်ကန်နဲ့ အတွေးနဲ့ ဖယ်ရှားတာကို ဆိုလိုတယ်လို့ ဆိုပါတယ် (ရည်ညွန်း၂ကို ကြည့်ပါ)။

    ဦးဂိုအင်ကာ တရားစခန်းမှာ တရားအားထုတ်ဖူးတာကလဲ ဒီ ယောနိသော မနိသိကာရ ကို အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကြမ်းတမ်းတဲ့ ဝေဒနာတွေကို ခံစားရရင် ဒေါသဖြစ်နေမယ်၊ သိမ်မွေ့တဲ့သုခ ဝေဒနာ ခံစားရရှင် ကျေနပ်နှစ်သိမ့်နေမယ်ဆိုရင် ဝိပဿနာ ကျင့်နေတာမဟုတ်ဘူး၊ ဘယ်ဝေဒနာပဲ ခံစားရခံစားရ အနိစ္စ အနိစ္စဆိုပြီး ဥပက္ခါနဲ့ ရှုနေရတာ ဖြစ်ပါတယ်။ (ရည်ညွန်း၃ ကိုကြည့်ပါ) ဝေဒနာတွေကို တုန့်ပြန်မှု မပြုခြင်းဟာ အပေါ်ကပြောခဲ့တဲ့ 'ယောနိသော မနသိကာရ' ကို ကျင့်သုံးရာရောက်တယ် ထင်ပါတယ်။ သူက အာရုံတွေကို တုန့်ပြန်မှု မပြုပဲ ဥပက္ခါနဲ့ ရှုရတာကြောင့်မို့ပါ။ ဒီလို ကျင့်သုံးရင် စိတ်ကအေးချမ်း လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သမထအားထုတ်တဲ့ အခါမှာလဲ စိတ်ကို အတင်း အာရုံစိုက်ရတာမျိုး မရှိတော့ပဲ စိတ်ကို ကိုယ်ထားတဲ့နေရာမှာပဲ ထားပြီး ရှုမှတ်နိုင်တာကို တွေ့လာရပါတယ်။

    အာရုံတွေကို မတုန့်ပြန်ပဲ ဥပက္ခါပြုဖို့ကျင့်တယ်ဆိုပေမယ့်၊ အလုံးစုံကိုတော့ ဥပက္ခါ ပြုတာတော့ မဟုတ်ပါဘူး။ အဓမ္မနဲ့ ဓမ္မဆိုရင် ဓမ္မဘက်ကရပ်တည်ရပါမယ်။ မှားရင် မှားတယ်လို့တော့ တုန့်ပြန်ပြောဆိုရမှာဖြစ်ပါတယ်။ ဒီလို တရားအားထုတ်တဲ့သူတွေက ဓမ္မဘက်ကရပ်တည်တဲ့ အကြောင်းရေးထား ဟောထားတာတွေ့ရင် နောက်မှ ပြန်ပြီး ရည်ညွန်းရေးသားပါဦးမယ်။

    အားလုံးကျန်းမာ ချမ်းသာကြပါစေ။

    @princekham
    13th Mar 2024
    Myanmar

    References

    1. https://my.wikipedia.org/wiki/%E1%80%9A%E1%80%B1%E1%80%AC%E1%80%94%E1%80%AD%E1%80%9E%E1%80%B1%E1%80%AC%E1%80%99%E1%80%94%E1%80%9E%E1%80%AD%E1%80%80%E1%80%AC%E1%80%9B

    2. https://www.facebook.com/share/v/AER65XSHHzTNGox9/?mibextid=lpLi9Vp

    3. https://www.facebook.com/share/p/5rPfvxfpgNBd3GFN/?mibextid=xfxF2i

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!