New Jersey for New Year

in voilk •  4 months ago

    ဒီရက်ပိုင်းက အနည်းငယ် ပင်ပန်းရသည့် နေ့ရက်တွေ ဖြစ်ပေလိမ့်မည်။ အကြောင်းက ကျနော်တို့ အသင်း Jersey အသစ် ထပ်ချုပ် ဖြစ်သောကြောင့် ဖြစ်၏။ ယခင်ကလည်း မကြာခဏ Jersey ချုပ်နေကြ ဖြစ်၏။ နို့ပေမယ့် ခုက အချိန်မလောက်ငှခြင်း ဖြစ်၏။ January 5 ရက်နေ့မှာ စတင်မည့် Futsal ပြိုင်ပွဲတခုကို ကျနော်တို့ ဝင်ပြိုင်ကြမည် ဖြစ်၏။ ထိုပွဲ အမှီ Jersey ချုပ်ခြင်း ဖြစ်၏။ February 7 ရက်နေ့မှာ အသင်း၏ 7 နှစ်ပြည့် မွေးနေ့လည်း ရှိနေခဲ့၏။ ထိုအတွက်ပါ တလက်စထဲ Jersey ချုပ်ခြင်း ဖြစ်၏။

    မနေ့က Jersey သွားရွေးတော့ လူစုံ အားလုံးအတွက် မရပေ။ သို့နှင့် ပြိုင်ပွဲ ဝင်မည့်သူများ အတွက်သာ အရင် လုပ်ဖို့ ပြင်ရ၏။ ကျနော်တို့က Jersey ယူသည့် နေရာမှာပင် ဆေးရိုက် ဘာညာ အပြီး အစီး လုပ်ခြင်း မဟုတ်ပေ။ ဆေးရိုက်က တခြား နေရာမှာ ရိုက်ခြင်း ဖြစ်၏။ ကျနော်တို့ အသင်း၏ ပင်တိုင် ဆေးရိုက် နေရာလေး ရှိ၏။ Jersey ရောင်းပေးသည့် ဆိုင်မှာ Discount ရှိပေမယ့် ကျနော်တို့က တမင်ကို ကိုယ်တွေ ဆေးရိုက်နေကြ နေရာမှာသာ ရိုက်ခြင်း ဖြစ်၏။

    လူပင်ပန်းရတာထက် စိတ်မောရခြင်း ဖြစ်၏။ တဦးတယောက်က ကုန်ကျစရိတ် အလုံးစုံကို sponsor ပေးခြင်း မဟုတ်ဘဲ အားလုံးက ကိုယ့်စရိတ်ကိုယ်ခံ စုပေါင်းလုပ်ကြခြင်း ဖြစ်သဖြင့် ငွေစု၊ ငွေစောင့်ရတာမျိုး ရှိ၏။ အသင်းသားတွေ၏ Jersey size, name, number ပြီး ဆေးရိုက်ဖို့ ဒီဇိုင်းဘာညာ တိုင်ပင်ရတာတွေကောပေါ့။ မချုပ်ခင် Jersey သွားရွေး ပြီးရင် အကြိုက်ဆုံး အရောင်၊ ဒီဇိုင်းကို မဲခွဲဆုံးဖြတ်ပြီးမှ ချုပ်ကြခြင်း ဖြစ်၏။

    Jersey ကိစ္စက လုပ်ပေးနေကြ ကိစ္စ ဖြစ်နေပြီမို့ ထူးထွေ ခက်ခဲတာမျိုးတော့ မဟုတ်ပေ။ ယခင်ကတော့ deadline ဘာညာ မရှိဘူးကိုး။ ခုက ဘယ်အချိန်အတွင်းဆိုတော့ ဆေးရိုက်ပေးမယ့် အကိုကိုလည်း ရှေ့မျက်နှာ နောက်ထားပြီး ‌အချိန်မှီရအောင် လောထားရ၏။ သူကလည်း လုပ်ပေးမည် ဆို၏။ တော်ပါသေး၏။

    တော်ပါသေး၏ ဆိုပေမယ့် အလုံးစုံတော့ စိတ်မအေးရသေးပေ။ ပြိုင်ပွဲဝင် မဟုတ်သူများ၏ Jersey တွေကလည်း ရှိနေသေး၏။ ကျနော်တို့အသင်းက လူသာစုံမယ်ဆိုရင် 30 လောက် ရှိ၏။ ဒါတောင် လူဟောင်းတွေက မလာကြတော့လို့သာ။ သူတို့ပါ လာရင် 40 လောက် ရှိပေလိမ့်မည်။ ခုလည်း နီးစပ်ရာ ချစ်ခင်သူတွေပါ Jersey ယူကြသဖြင့် Jersey က 36 ‌ထည်လောက်ထိ ဖြစ်သွားခဲ့၏။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!