အနက်ရှိုင်းဆုံး ဒဏ်ရာများ။

in voilk •  6 days ago

    ငယ်စဉ်က သူများနိုင်ငံတွေ သဘာဝဘေး
    ကျရောက်သည့်အခါ လူကြီးများက ကျွန်တော်
    တို့ကို ပြောသည်။ ရတနာသုံးပါး ကိုးကွယ်
    ဆည်းကပ်ကြတဲ့။ ကပ်ကြီးသုံးပါး ကျော်နိုင်
    လွှားနိုင်မည်တဲ့။ အချင်းချင်း မေတ္တာတရားထား
    ကြတဲ့။ ကြီးနိုင်ငယ်ညှင်း မပြုရဘူး။
    ကြီးသူကို ရိုသေ
    ရွယ်တူကို လေးစား
    ငယ်သူကို သနားညှာတာ တဲ့။

    ကျွန်တော် ယခုမှ တွေးကြည့်မိသည်။
    အဲ့ ငယ်စဉ် ကလေးဘဝ ကတည်းက
    လူကြီးများ၏ ပြောစကား မှန်သလား၊
    မှားသလား တွေး ဆ ကြည့်ရအောင်။
    ကျွန်တော်တို့ ငယ်စဉ်က မိဘ၊ မောင်နှမ
    များသည် တဦးနှင့် တဦး ရိုသေလေးစားမှု
    ယခုထက် အနည်းငယ်ပိုရှိသည်။ ဆန်၊ ဆီ
    ပေါသည်။ သို့သော် ဆန်ကောင်းကောင်း၊
    ဟင်းကောင်းကောင်း စားရခဲသည်။

    ယခုခေတ်ကဲ့သို့ ဇိမ်ခံပစ္စည်းရှားပါးသည်။
    နေ့၊ ည အချိန်မရွေး သွားလာ လည်ပတ်ခွင့်ရှိသည်။
    အန္တရာယ်ပြုသူလွန်စွာနည်းပါးသည်။
    ရာသီမရွေး ပျော်ပွဲရွှင်ပွဲများရှိသည်။
    ညီအစ်ကို၊ မောင်နှမ တွေ့ဆုံခွင့်၊ နီးစပ်ခွင့်
    ပိုမိုရှိသည်။ အစားအသောက်များက
    အသစ်အဆန်း မရှိ၊ မုန့်ပဲ သရေစာများက
    အသစ်အဆန်းမရှိ ပုံမှန်စားနေကျ အစား
    အစာများသာရှိသည်။ လောဘနည်းသည်ဟု
    ပြောရမည်လား။

    အီသီးယိုပီးယားနိုင်ငံ အငတ်ဘေးကြုံသည်ကို
    ကြားသိရသောအခါ အံ့ဩခဲ့ကြသည်။
    အခြားနိုင်ငံများ သဘာဝဘေးဒဏ်ခံရသည့်
    အခါ တော်သေး တို့က ဗုဒ္ဓဘာသာ နိုင်ငံပေမို့
    ဟု ဂုဏ်ယူခဲ့သည်။ ငယ်စဉ်က ပဉ္စမတန်းမှာ
    သင်ကြားစဉ် အတန်းပိုင် ဆရာမက
    သံအမတ်ဟောင်း၏ ဇနီးဖြစ်သည်။
    ဆရာမပြောပြသော အခြားနိုင်ငံများ၏
    အစားအသောက် အသီးအနှံဝယ်ယူစား
    သောက်မှုကို ပြောပြစဉ်က အံ့ဩခဲ့သည်။

    ကျွန်တော်တို့ ငယ်စဉ်က ဖရဲသီးစားသည့်အခါ
    အလုံးလိုက်ဝယ်စားသည်။ ဖရဲသီးအလုံးလိုက်ကို
    အိမ်တိုင်း၊ လူတိုင်း ဝယ်စားနိုင်သည့် အချိန်အခါ
    ဖြစ်သည်။ ထိုစဉ်က သံအမတ်ကတော် ဆရာမက
    သူရောက်ခဲ့သော နိုင်ငံတွင် စတိုးဆိုင်မှာ
    ပလပ်စတစ်ပတ်ထားသည့် ဖရဲသီးစိတ်ကို
    ဝယ်စားရသည်ဟု ပြောပြစဉ်က
    အတော်ကိုအံ့ဩမိခဲ့သည်။

    နောက်တဖန် ဆရာမကပြောသေးသည်။
    သူ့သားနှစ်ဦးသည် မြန်မာပြည်ရောက်သောအခါ
    ယင်ကောင်များကို တွေ့၍ အံ့ဩကြောင်း
    ပြောသည်။ ထို ယင်ကောင် များကို
    ဘာအကောင်များလဲဟု မေးခဲ့သည်ဟု
    ပြောသည်။ ထိုအခါမှာလည်း ကျွန်တော်တို့သည်
    ဆရာမ၏ ပြောစကားများကို အံ့ဩခြင်းတမျိုး၊
    ရယ်ခြင်းတမျိုးဖြင့် ခံစားခဲ့ရသည်။

    ယခုအချိန်မှာတော့ ကျွန်တော့်အသက်
    ငါးဆယ်ကျော် အချိန်ကာလမှာ မြန်မာပြည်ကြီး၏
    အံ့ဩမဆုံးဖွယ် အဖြစ်၊ အပျက်များက
    ပြောပြလို့ ယုံချင်မှ ယုံပါမလား။
    မယုံရင် ပုံပြင်လို့တော့ မမှတ်လိုက်စေချင်။
    ခံစားရသူ လူအများ၏ ရင်ထဲမှာ
    သူရို့တွေ၏ ရင်ထဲ ဟိုး အနက်ရှိုင်းဆုံး
    အထိ ဒဏ်ရာများက ပြင်းထန်
    ပြည့်နှက်နေကြမှာမို့လေ။

    @htwegyi
    July 2, 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!