Glory Man United

in voilk •  last month

    ဒီနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ FA ဖလား ဗိုလ်လုပွဲ ကစားသွားဖို့ ရှိနေ၏။ Manchester United vs Manchester City တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ Manchester ညီနောင် တွေ့ကြတာဆိုတော့ Manchester Derby ဟုပြောလို့ရမည်။ မနှစ်ကလည်း ဗိုလ်လုပွဲမှာ ဒီနှစ်သင်း တွေ့ခဲ့၏။ မနှစ်တုန်းကတော့ City က United ကို 2-1 ဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့၏။ ဒီနှစ်မှာလည်း သူတို့ ထပ်မံတွေ့ဆုံနေခဲ့ပြန်ပြီ။ ဒီနှစ်မှာတော့ ဘယ်သူ ချန်ပီယံ ဖြစ်မည်နည်း။

    တူညီနေတာကတော့ မနှစ်ကော ဒီနှစ်ကော Man City က အဖက်ဖက်က အားသာနေခြင်း ဖြစ်၏။ မည်သို့ပင် အားနည်း အခွင့်အရေးနည်းသည် ဆိုစေကာမူ United တို့ အနေဖြင့် ကြိုးစားခွင့် ရှိနေသေး၏။ ယခင် United အသင်း၏ စိတ်ဝိညာဉ်မျိုးသာ ဒီည အသင်းမှာ ကိန်းအောင်း နေမယ် ဆိုရင်တော့ ဖလားက United အတွက်လည်း ဖြစ်သွားနိုင်သည် မဟုတ်လား။

    United အကျ City အတက် ဖြစ်နေချိန်မျိုးမှာ Manchester Derby ကို ကစားရတာက အင်မတန်မှ မျက်နှာ ငယ်လှ၏။ အသင်းက နိမ့်ကျနေပါတယ်ဆိုမှ ကိုယ်တွေ ကစားသမားတွေက United DNA ပါ ပျောက်ဆုံးနေတာကတော့ အတော်လေး ဆိုးလှ၏။ အားပေးလာသည့် သက်တမ်း တလျောက် အတော်လေး အခြေအနေဆိုးသည့် United ကို မြင်တွေ့နေရသည်ဟု ဆိုလို့ ရပေလိမ့်မည်။ ရင်နာစရာ ကောင်းလှပေ၏။ အတူ အခြေအနေ ဆိုးခဲ့သည့် Arsenal တောင် လူရိုသေ ရှင်ရိုသေ အနေအထား၊ ဖလား စိန်ခေါ်နိုင်သည့် အနေအထား ရောက်နေပြီ မဟုတ်လား။ ကိုယ်တွေက ခုထိ တဝဲလည်နေဆဲ။

    ပြီးခဲ့သော ပွဲစဉ်တခုမှာ အိမ်ကွင်း ပွဲကြည့်စဉ်တခုကနေ အမိုးမလုံလို့ မိုးရေယိုတာ မြင်ရတော့ နှစ်ဆ ပို နာကျင်ရပြန်၏။ အသင်းက ခြေစွမ်းပိုင်း ဆိုးရွားနေပါတယ်ဆိုမှ ကွင်းကပါ လိုက်စုတ်နေသလိုပင်။ မသိရင် လှောင်ပြောင်နေသည့် အလားပင်။ အောင်မြင်မှုကို ငွေကြေးနဲ့ ဝယ်လို့မရဟု ဆိုမရပေမယ့် အောင်မြင်မှုတွေ ရနိုင်ဖို့ အခြေခံ အုတ်မြစ်ကိုတော့ ငွေကြေးသုံးပြီး တည်ဆောက်လို့ ရသည် မဟုတ်လား။

    ပိုက်ဆံ သုံးနိုင်တိုင်းသာ အောင်မြင်ကြေးဆို New Castle ဖလားစုံ ရနေလောက်ပြီ။ နို့ပေမယ့် New Castle လည်း City လို နည်းမှန်၊ လမ်းမှန် သွားနိုင်ခဲ့ရင် တချိန်မှာ အောင်မြင်လာမှာ အသေအချာပင်။ ပိုက်ဆံ မသုံးနိုင်တာခြင်း အတူတူမှာတောင် ခါးသီးပြိုင်ဘက် Liverpool က အောင်မြင်မှုတွေ ယူပြထားသည် မဟုတ်လား။ United ကို ဆွဲချနေတာက အသင်းပိုင်ရှင်နှင့် ဘုတ်အဖွဲ့သာ ဖြစ်၏။

    ဗိုလ်လုပွဲ မကစားရသေးခင်မှာပင် FA ဖလားပွဲပြီးက Ten Hag ကို ရာထူးက ထုတ်ပယ်မည် ဆိုသည့် သတင်းတွေကလည်း ထွက်ပေါ်လို့ လာခဲ့၏။ ဖလား ရရ၊ မရရ ထုတ်မယ်ဟု ဆို၏။ ဘာတွေ ဘယ်လို ဆက်ဖြစ်လာမလဲကတော့ စောင့်ကြည့်ကြရုံ‌သာ။ United ပရိတ်သတ် တဦး အနေဖြင့် ယခု FA ဖလားကြီးကိုတော့ တကယ်ရချင်မိပါ၏။ FA ဖလား ဗိုလ်စွဲမှလည်း လာမယ့်နှစ်မှာ ယူရိုပါလိဂ် ကစားခွင့် ရနိုင်မည် မဟုတ်ပါလား။

    -(photos from Manchester United & FA Cup Facebook page)_

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!