Relax

in voilk •  3 months ago

    သီချင်း နားထောင်ရတာ မကြိုက်သူကတော့ နည်းကြမည် ထင်ပါ၏။ ခုတလော နေ့တိုင်းတော့ သီချင်း နားမထောင် ဖြစ်ပေ။ ရက်ခြားတော့ နားထောင် ဖြစ်ပါ၏။ Futsal ကန်ဖို့ ကွင်းကို သွားသည့် အခါမျိုးတွေမှာတော့ ဆိုင်ကယ်မောင်းရင်း နားထောင် ဖြစ်၏။ ထိုသို့ နားကြပ်တပ်ပြီး ဆိုင်ကယ် မောင်းတာက အန္တရာယ် များပေမယ့် feeling ပိုင်းအရ သိပ်ပြီး မိုက်၏။ ဘေးဘီ ဝဲယာ ရှေ့ နောက်ကိုတော့ ပိုသတိထားရသည်ပေါ့လေ။

    တခါတလေတော့ ညဖက် မီးဘာညာ ပျက်သွားချိန် မျိုး အိပ်လည်း မအိပ်ချင်သေးသည့်အခါမျိုးမှာ နားကြပ်လေး တပ်ပြီး သီချင်း နားထောင် ဖြစ်၏။ မှန်ပြတင်းကနေ ဖြတ်ဝင်လာသည့် လရောင်လေးကို ‌ခံစား အနီး ပတ်ဝန်းကျင်ကို ငေးမောရင်းနဲ့ပေါ့လေ။ သီချင်းကတော့ အစုံ နားထောင်၏။ အမျိုးအစား မခွဲပေ။ နိုင်ငံလည်း စုံ၏။ ဘာသာစကား နားမလည်လည်း သံစဉ်လေး သဘောကျရင်လည်း နားထောင်၏။ မသိရင် ဂီတဘိုးအေ ဂုရုကြီးလားပေါ့။ ဒီအတိုင်း နားထောင်ရတာ သဘောကျလို့ ဖြစ်၏။

    အရင်ကတော့ online streaming music app တွေ မရှိသေးတော့ အခွေတွေ ဝယ်၊ ကိုယ့်ကို mp3 ပြောင်း၊ ဒါမှ မဟုတ်ရင်လည်း online ကနေ download လုပ်ယူပြီးမှ မိမိ phone ထဲ ပြန်ပြောင်းထည့်ပေါ့။ နောက်ပိုင်း online streaming music app လေးတွေ ထွန်းကား တွင်ကျယ်လာတော့ နည်းနည်း အလုပ်ရှုပ် သက်သာ သွား၏။ ယခင်ကတော့ joox ကို သုံး၏။ boycott ရမယ် ဆိုတော့ တခြားဟာ ပြောင်းသုံးရ၏။ လစဉ်ကြေး နှစ်စဉ်ကြေးတွေ မပေးနိုင် သဖြင့် အဆင်ပြေမည့် player လေးတွေ လိုက်ရှာရ၏။

    တချို့ app လေးတွေက ရေရှည်မှာ အဆင်မပြေပေ။ တချို့ app လေးတွေကတော့ တနှစ်၊ နှစ်နှစ်ထိ ရ၏။ ဒီလိုပဲ အဆင်ပြေရာ ပြောင်းသုံးနေရင်းက innertune ဆိုသည့် open source app လေး တခု သွားတွေ့၏။ သူက YouTube music ကို အခြေတည်ပြီး လုပ်ထားခြင်း ဖြစ်၏။ alternative YouTube music app တခုဟု ပြောလို့ရ၏။ သီချင်းတွေ download လုပ်ထားလို့ရ၏။ offline နားထောင်လို့ ရ၏။ VPN တော့ လို၏။ တော်တော်လေး အဆင်ပြေ၏။

    ထို app လေးကို သုံးနေရင်း Developer တဦး လုပ်ထားပေးသည့် YouTube music Revanced app လေးကို သွားတွေ့၏။ YouTube Revanced app လည်း ရှိ၏။ အလွယ်ပြောရရင် mod version သဘောမျိုး ဖြစ်၏။ အလကား နားထောင်ချင်လို့ရယ်တော့ မဟုတ်ပေ။ ပေးချေဖို့ နည်းလမ်း အဆင်မပြေတာရယ် ပေးနိုင်သည့် အင်အားမျိုးလည်း မရှိသေးသမို့ ခုလိုပဲ ရှာကြံပြီး နားထောင် ဖြစ်နေခြင်း ဖြစ်၏။

    ဘဝအမောတွေကို သီချင်းလေး နားထောင်ရင်း ဖြေရသည့်အခါမျိုးလည်း ရှိသေးသည်မဟုတ်လား။ တေးသံရှင်တွေကို အားနာပေမယ့်လည်း ဖန်တီးပေးသည့် developer ကိုတော့ ကျေးဇူးတင်ပါ၏။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!