My Cleanplanet activities for Super Sunday. (18-2-2024)

in voilk •  5 months ago

    I am every Sunday
    Garbage from around the house
    Collected.
    Today (18-2-2024) is Sunday
    Sixteenth garbage collection
    is.

    ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
    အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
    ကောက်ယူပါသည်။
    ယနေ့ (18-2-2024) တနင်္ဂနွေနေ့သည်
    ဆယ့်‌‌ခြောက်ကြိမ်မြောက် အမှိုက်ကောက်ယူခြင်း
    ဖြစ်သည်။

    ရာသီဥတုက မသိမသာသလို သိသာသလို
    အပူလေး ပေးလာသည်။ ကားလမ်းမထက်
    ခြောက်သွေ့တိတ်ဆိတ်လှသည်။ တောင်သံ
    မြောက်သံများအကြား လူသူသွားလာမှု
    အတန်ငယ်နည်းသွားသည်။ နွေမရောက်မှီ
    အနည်းငယ်ပူသည်ပင် လမ်းမထက်
    လူအသွားအလာ၊ ယာဉ်အသွားအလာ
    နည်းသည်။ နွေရာသီအပူမှာ ပိုလို့ သွားလာမှု
    နည်းပေးမည်။

    ခေါင်းအထက် ကောင်းကင်ယံမှာ မနေ့ကရော
    ယနေ့ပါ လေယာဉ်သံများ ပြန်လည်ကြားလာ
    ရသည်။ တံတားဦးလေဆိပ်မှ အရှေ့မြောက်ဖက်ဆီသို့
    ပျံသန်းသွားကြသည်။ မည်သည့်နေရာမှာ
    မည်သို့ဖြစ်နေသည်ကို မသိရပေ။
    အမှိုက်ကောက်ရင်း ကောင်းကင်ယံသို့
    မော့ကြည့်မိသည်။ ဂျက်ဖိုက်တာများကိုမူ
    အသံသာကြား၍ များသောအားဖြင့် မမြင်ရပေ။
    ကုန်တင်လေယာဉ်ကိုမူ အသံကျယ်စွာကြားရပြီး
    အမြဲတမ်းမြင်ရသည်။

    အဘယ်ကြောင့် ကုန်တင် လေယာဉ်ဟုပြောကြား
    ရပါသလဲဆိုတော့။ လေယာဉ်အသံက
    မချိမဆန့်အော်သံကြောင့်ဖြစ်သည်။
    မြန်မာပြည်ရောက်လာသော စက်တပ်ယာဉ်မှန်သမျှ
    သူ့အားနှင့် သူ့ဝန် တန်အောင် မည်သောအခါမျှ
    တင်ဆောင်ခြင်းမပြုကြပေ။

    မတရားစေခိုင်းခြင်းခံကြရသည်။
    ထိုကြောင့် သူရို့ကလည်း မတရား အသံပေး၍
    အော်ဟစ်ခြင်းပြုကြပေမည်။ သို့ပါသောကြောင့်
    အနှီး အသံပြဲလေယာဉ်အား ကုန်တင်သော
    လေယာဉ်ဟု ကိုယ့်ဖာသာသတ်မှတ်ခြင်းဖြစ်ပေတော့သည်။

    ဒီတပတ်အတွက် အမှိုက်ကောက်ခြင်းမှာ
    မပါမဖြစ် မင်းသားကြီး တခါသုံးပလတ်စတစ်အိတ်
    ခွံ မပါဝင်တော့ပေ။ တနေ့က သစ်ရွက်ခြောက်များကို
    မီရှို့ရင်း ရောပြီးရှို့လိုက်သည်။ သူ့ ညှော်နံ့က
    အတော်ဆိုးပေသည်။ သို့သော် သူက
    မီးစွဲလောင်ရာမှာ ကောင်းပေစွ။ အခြားအမှိုက်နှင့်
    သစ်ရွက်များကို ကူးစက်လောင်းကျွမ်းပြာကျသွားစေသည်။ ဟော ..... ပြောရင်း ရေးရင်း
    ခေါင်းပေါ်မှာ ဂျက်ဖိုက်တာ တစီးဖြတ်မောင်းသွား
    ပြန်သည်။ သတ္တဝါများ ဘေးရန်ကင်းပါစေ။

    @htwegyi
    February 18, 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!