မျှခြေကိုရှာရမယ်

in voilk •  4 months ago

    အားလုံး မင်္ဂလာပါ

    ဒီတစ်လော အလုပ်များလို့ တစ်ချို့ ကိုယ်လုပ်နေကျ အလုပ်တွေကို မလုပ်ဖြစ်နေတာတွေ့ရပါတယ်။ အဓိကအကြောင်းကတော့ အတန်းနှစ်တန်းတက်နေတာကြောင့်မို့ပါ။ တစ်ခုက MBA အတန်းနဲ့ နောက်တစ်ခုက လူထု စီမံခန့်ခွဲရေးသင်တန်း (Public Administration ) အတန်းတို့ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့လဲ ကိုယ်ဘာလုပ်နေတယ်၊ ဘယ်ကိုဦးတည်သွားနေတယ်၊ ကိုယ်ဘယ်ကို သွားချင်တယ်ဆိုတာကို ပြန်တွေးမိပါတယ်။ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်အခုလုပ်နေတာတွေကကိုက်ညီမှုရှိရဲ့လားပေါ့နော်။

    ကိုယ်ဖြစ်ချင်တာကတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းကိုမှ ကိုယ်က အမြဲ စောင့်ပြီးလုပ်နေရတဲ့အလုပ်မျိုးထက် ကိုယ်ပါဝင်လုပ်ကိုယ်မှု အနည်းဆုံးနဲ့ လုပ်နိုင်တဲ့ အလုပ်ကို ပို လုပ်ချင်ပါတယ်။ ဒီလိုရည်ရွယ်ချက်ရှိလို့ MBA ကို လေ့လာဖြစ်တာ ဖြစ်ပါမယ်။ ဒါပေမယ့် ဒီလိုလေ့လာတဲ့ အပိုင်းကလဲ လေ့လာပြီး အကောင်အထည်ဖော်တဲ့ အပိုင်းကလည်းဖော်ဖို့လိုပါမယ်။ အခုက အကောင်အထည်ဖော်ဖို့ မလုပ်သလောက်ဖြစ်နေတာတွေ့ရပါတယ်။ ဒါကြောင့် မျှခြေရှိဖို့လိုတာ‌ကိုတွေးမိလာပါတယ်။ တစ်ခုနှစ်ခုကိုပဲ ဇောနဲ့ လုပ်တာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ လုပ်ငန်းပိုင်း၊ ကျန်းမာရေးပိုင်း၊ ကုသိုလ်အပိုင်းတွေကိုလဲ မလွတ်အောင် မလုပ်မိတာမရှိအောင် စီမံ အချိန်ပေးဖို့ ကိုယ့်ကိုကိုယ် သတိပေးရပါတယ်။

    လက်ရှိခေါတ်ကလဲမကောင်းတော့ ကိစ္စအလုံးစုံကို လိုက်လုပ်နေရပါတယ်။ အဆင်ပြေ ကောင်းမွန်တဲ့ စနစ်လိုပါတယ်။ လူမျိုးစုတွေကို ကာကွယ်ပေးတဲ့ စနစ်မရှိတော့ လူမျိုးစုတွေက သူ့လူမျိုး၊ ကိုယ့်လူမျိုးဆိုပြီး ကွဲသွားပြီး လူမျိုးစုတွေအကြားမှာ ပွတ်တိုက်မှုတွေရှိလာပါတယ်။ လူမျိုးစုတွေကို ကာကွယ်ပေးတဲ့စနစ်၊ အာဏာနဲ့ စီးပွားရေးကို မျှဝေပေးတဲ့ စနစ်တွေရှိဖို့လိုပါတယ်။ လူမျိုးတွေက သူတို့ရဲ့ ဘာသာ ယဥ်ကျေးမှုစတာတွေကို သူတို့ဒေသမှာ အသုံးပြုခွင့်၊ သင်ကြားခွင့် စတဲ့ အခွင့်အရေးတွေရှိနေရပါမယ်။ ဒါတွေကို နားလည် ဖို့ နဲ့ အသုံးချနိုင်ဖို့ လူထုစီမံခန့်ခွဲမှု အတန်းကို တက်ဖြစ်ခဲ့တာလဲ ဖြစ်ပါတယ်။

    တစ်ကယ်တမ်းကျတော့ လူတစ်ယောက်အောင်မြင်ဖို့က Steve Jobs ပြောသလို "connecting the dots" ကိုယ့်လုပ်ဆောင်ချက်တွေဆက်စပ်မိကြ ပြီး အလုပ်လုပ်တဲ့ mechanism ဖြစ်လာဖို့လိုတယ်ထင်ပါတယ်။ ကိုယ်လုပ်နေတဲ့အရာတွေ ပြန့်ကျဲနေတာမျိုးမဟုတ်ပဲ တစ်ခုနဲ့ တစ်ခု ထောက်ကန်အားပြု ချိတ်ဆက် အလုပ်လုပ်အောင် အားထုတ်ရမယ်လို ထင်မြင်မိတယ်ပြောကြားရင်း ဒီမှာပဲ နိဂုံးချုပ်ပါရစေ။

    အားလုံးကျန်းမာ ချမ်းသာကြပါစေ။

    @princekham
    7th Mar 2024
    Myanmar

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!