အမှန်တော့ ဘေးအိမ်မှာပဲ ခွေးတွေ ရှိတာ မဟုတ်ပေ။ တောင်ဘက်အိမ်မှာကော မြောက်ဘက်အိမ်မှာကော ခွေးတွေ ရှိ၏။ မြောက်ဘက်အိမ်မှာက တောင်ဘက်အိမ်မှာလို ခွေးအကြီးမျိုးတွေ မဟုတ်ပေ။ ခွေးသေးသေး၊ ခွေးအပု မျိုးတွေ ဖြစ်၏။ ပြီး ၃ ကောင်ပဲ ရှိ၏။ သိပ်လည်း မဆူကြပေ။ ကျနော့် အခန်းနဲ့ ဝေးလို့လည်း ပါမယ် ထင်ပါရဲ့။ တောင်ဘက်အိမ်ကကြ ခွေးအိမ်ကလည်း စည်းရိုးနားကပ် ဆောက်ထားတာ ပြီး ကျနော့် အခန်းကလည်း တောင်ဘက်အိမ် စည်းရိုးနဲ့ နီးကပ်လေတော့ တောင်ဘက်အိမ်က ခွေးတွေက ဒုက္ခ ပိုပေး၏။ အထူးအားဖြင့် ဆူညံသံနဲ့ပေါ့လေ။
မြောက်ဘက်အိမ်က ခွေးတွေကိုလည်း လျော့မတွက်နဲ့။ အကောင်သေးပေမယ့် သူတို့လည်း ဆရာတွေပဲ။ တောင်ဘက်ခြမ်းက အုတ်တံတိုင်းနဲ့ကာထားတော့ ခွေးကြီးတွေ ခြံကူးတာမျိုး မရှိပေ။ မြောက်ဘက်ခြမ်းက အုတ်တံတိုင်း မကာနိုင်သေးသဖြင့် ခြံစည်းရိုးပင်တွေနဲ့သာ ပိုင်းခြားထား၏။ အပေါက် အကြား အဟ လေးတွေ ရှိ၏။ တဖက်အိမ်က အဆိုပါ အပေါက်လေးတွေကို ပိတ်ထားပေမယ့် အလုံးစုံတော့ လုံအောင် မပိတ်နိုင်ပေ။
ခွေးတွေက ခွေးတိုးပေါက် ရှာတာ ကျွမ်းသည် မဟုတ်လား။ ပြီး သူတို့က သေးသေးလေးတွေမို့ အပေါက်အကြီးကြီး မလိုပေ။ သူတို့ သခင် လစ်ရင် လစ်သလို ကျနော်တို့ အိမ်ဘက်ကို ကူးကူးလာတတ်၏။ ကျနော့် ဦးလေးအိမ်က ဝမ်းကွဲ တူမလေးတွေ၏ အဝတ်တွေကို ကိုက်ဖျက် ပစ်လိုက်ကြလေ၏။ ခွေးကတော့ ခွေးပါပဲလေ။ ဘာမျိုးကြီးပဲ ဖြစ်နေနေ၊ လေ့ကျင့်သင်ကြားမှု မရှိပါက ဒီအတိုင်းပင်။
တောင်ဘက် အိမ်က ခွေးတွေက သူတို့ ခြံရှေ့ကနေ ဘယ်သူ ဖြတ်သွားသွား လိုက်ဟောင်လေ့ ရှိ၏။ အဆိုးဆုံးက မနက်တိုင်း ဆွမ်းခံ ကြွလေ့ ရှိသည့် ကိုရင် နှစ်ပါးကို သူတို့ကလည်း မနက်တိုင်း အချိန်မှန် ဟောင်ကြလေ၏။ ကျနော် ဆွမ်းလောင်းလှူဖို့ စောင့်နေတိုင်း ကိုရင်တွေ ကြွလာချိန်တိုင်း ဒင်းတို့က ဟောင်လေ့ ရှိ၏။
ကိုရင်လေးတွေကလည်း ရယ်ရသား။ ခြံဝန်းတံခါးက ပိတ်ထားမှန်း သိတော့ သူတို့ကို ဟောင်သည့် ခွေးတွေကို သွားသွား စကြ၏။ ခြံရှေ့ ထပ်ပြန်လျှောက်လိုက်၊ ခြေဖနောင့် ပေါက်ပြလိုက်၊ ပြေးဟန် ပြုပြလိုက်နဲ့ ဟုတ်တော့ ဟုတ်နေပါရော။ ဆွမ်းလောင်း ကုသိုလ်ယူနေချိန်တောင် ခွေးဟောင်သံလေးနဲ့ ဖြစ်၏။
တောင်ဘက် အိမ်ကတော့ ဆွမ်းမလောင်းပေ၊ မြောက်ဘက် အိမ်ကတော့ ဆွမ်းလောင်း၏။ ဟို ခွေးပုလေးတွေကလည်း ကိုရင်တွေ သူတို့ အိမ်ရှေ့ ရပ်တာနဲ့ ဟောင်တာပါပေ။ နို့ပေမယ့် အသံသေးပြီး သိပ်မဆူညံပေ။ ကိုရင်တွေကလည်း ကြောက်ဟန် မတူပေ။ အေးလေ ခွေးက အပုမျိုးကိုမှ သေးသေးလေးတွေကိုး။ အိမ်မှာ ခွေး မမွေးထားဘဲ ခွေးတွေနဲ့ ရင်းနှီးနေရသည့် ကျနော့်အဖြစ်ပေါ့။