အမေ့အကြောင်း တွေးမိသမျှ

in voilk •  3 months ago

    သည်ကနေ့ ကျွန်တော့်ရဲ့ တူဖြစ်တဲ့ အသက်ဆယ်ကျော်သက်အရွယ် ကောင်လေး အိမ်ရောက်လာသည်။ သည်ည အိမ်မှာအိပ်ဖို့ သူ့ရဲ့အဖွားဖြစ်သည့် ကျွန်တော့်အမေ့ကို ပြောသည်။ တူလေးက ဆယ်ကျော်သက်၊ တွေးခါ်တက်စပြုနိုင်သည့်အရွယ်ဖြစ်ပြီ။ ဆိုင်ကယ်ဘီးစတန်းတွင် အလုပ်လုပ်နေပြီဖြစ်ပြီး လူ့လောက၊ လူ့ဝန်းကျင်ထဲသို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။ သူ့ရဲ့ အတွေးခေါ်တွေကလည်း ခေတ်အမြင်၊ ခေတ်အတွေးနဲ့ပေါ့။

    သူ့အဖွားနဲ့ စကားပြောသောအခါ ဘုနဲ့ဘောက် ဖြစ်လာ၍ တူလေးက စိတ်မရှည့်ပုံစံ၊ မကြိုက်သည့်ပုံစံ ဖြစ်လာသည်။
    တူလေးကထုတ်မပြောပေမဲ့ "ဒီအဖွားက ပြောလိုက်ရင် ဒါမျိုးကြီးပဲ" ဆိုသည်ပုံစံမျိုး သူ့ရဲ့အမူအရာက ပြသနေသည်။ သည်တော့ သူ့ဉီးလေးဖြစ်တဲ့ကျွန်တော် ဆုံးမရတော့သည်။

    "ငါ့တူ ၊ မင်းက မင်းရဲ့အတွေးနဲ့မတူလို့ မင်းအဖွားပြောတာတွေက မှားတယ်ဆိုပြီး မခြေမငံ ပြန်မပြောနဲ့ကွ။
    ဘာလို့လဲဆိုတော့ မင်းတို့က အတန်းပညာကောင်းကောင်း သင်ကြားခဲ့ရတယ်။ ခေတ်ကောင်း၊ စနစ်ကောင်းမှာ အတွေးခေါ်သစ်တွေ နည်းပညာအသစ်တွေကို သင်ယူခွင့်ရတယ်။ မင်းတို့ရဲ့ အဖွားက ကျောင်းတောင် ၄ တန်းထိ မသင်ကြားခဲ့ရဘူး။ စာတောင် ကောင်းကောင်းမဖက်တက်ဘူး။ မင်းတို့ရဲ့အဖွား ၊ သူရဲ့အသိ သူ့ရဲ့အတွေးခေါ်တွေက မင်းတို့အတွေးနဲ့ တူချင်မှတူမယ်။ မှားချင်လည်း မှားနေမယ်။ ဒါကို မင်းတို့က မင်းတို့ရဲ့ အတွေးခေါ်နဲ့ မတူလို့ဆိုပြီး မလေးမစား ပြန်မပြောရဘူး၊ မရိုမသေ မလုပ်ရဘူး။ မင်းတို့ကို ငယ်ငယ်လေးကတည်းက ပြုစုယုယ ကျွေးမွေးခဲ့တဲ့ကျေးဇူးတွေရှိတယ်ကွ။ မင်းတို့ ချီးဝတ်တွေလည်း ဒီအဖွားက လျှော်ပေးခဲ့ဖူးတယ်။ မင်းတို့နှပ်တွေလည်း ဒီအဖွား သုပ်ပေးခဲ့ဖူးတယ်။ မင်းတို့ကို ဝဝလင်လင် ဒီအဖွားက ကျွေးမွေးခဲ့ဖူးတယ်။ မင်းတို့ဒီကျေးဇူးတွေကို ပြန်မဆပ်ချင်ရင်နေ ကျေးဇူးတော့ မကန်းမိစေနဲ့ "

    ဟု ကျွန်တော်ရဲ့ တူလေးကို ဆုံးမတော့ နားလည်သွားသည့် ပုံစံမျိုးနဲ့ ခေါင်းလေးငုံ့နားထောင်ပြီး ဟုတ်ကဲ့ ဟု ပြန်ဖြေသည်။ တူလေးကို ဆုံးမလို့ ပြီးသွားပေမဲ့ ကျွန်တော့်တွေးမိတဲ့အမေ့အကြောင်းတွေကတော့ ပြီးမသွားပေ။

    အမေက စာကောင်းစွာမဖက်တက်ပေ။ အတန်းပညာ ၄ တန်းထိတောင် မသင်ကြားခဲ့ရ။ ထို့ကြောင့် ၂လုံးဂဏန်း ထိုးချင်လျှင် အစ်မသို့မဟုတ် ကျွန်တော်က ရေးပေးရလေ့ရှိသည်။ အမေက ဖုန်းလည်း ကောင်းကောင်း မသုံးတက်။
    ယနေ့ခေတ်လာနေတဲ့ MRTV-4 က ဇာတ်လမ်းတွဲများ ကြည့်ချင်ရင် အစ်မသို့မဟုတ် ကျွန်တော်ကပဲ ဖုန်းကို ဖွင့်ပေးပြီး အမေ့ကို ပြရသည်။ အမေ ရယ်လိုက်လျှင် ရှေ့သွားများ မစုံတော့ပြီ။ အမေ့အပြုံးတွေကတော့ လှပနေဆဲ၊ ဖြူစင်နေဆဲဖြစ်သည်။ အမေ့ မျက်နှာလည်း အရေးကြောင်းတွေ ထင်းနေပြီး လက်မောင်းက အသားရည်တွေလည်း တွန့်လိမ့်နေပြီ။ ဒါပေမဲ့ အမေ့အားမာန်တွေက ယနေ့ထိ မလျှော့သေးဘူး။ လောကဓံ နဲ့ အမေယှဉ်ရင် အမေပဲ နိုင်မည်။ အမေ့ရဲ့ စိတ်ဓာတ်ကို ဘယ်အရာမှ မရိုက်ချိုးနိုင်ဘူး။ အမေက စကားပြောရင် ချိုချိုသာသာ မပြောတက်ဘူး။ ဒါပေမဲ့ သည်မိသားစု၊ သည်သားသမီးတွေနဲ့ သက်ဆိုင်တဲ့လူတွေရဲ့အပေါ် အမေထားတဲ့ မေတ္တာတရား ကတော့ဖြင့် အချိုတကာတို့ထက် ပိုချိုပါသည်။

    အမေ၊ အမေ၊ အမေ... ကျွန်တော့်ခေါင်းထဲမှာ အမေ့ရဲ့အကြောင်းတွေ ပဲ့တင်ထပ်နေသည်။ လောကမှာ ရှိတဲ့ အမေအားလုံးကိုလည်း ဉီးညွတ်ဂါဝရပြုမိသည်။ အမေ့ရဲ့ မေတ္တာတရား၊ ကျေးဇူးတရားတွေကို ဘယ်လိုပဲ ကဗျာတွေစာတွေ ဖွဲ့နွဲ့ပါစေ၊ ရေးသားပါစေ ... ဖွဲ့နွဲ့လို့၊ ရေးသားလို့
    ကုန်နိုင်မှာ မဟုတ်ပေ။ အမေများ သက်ရှိ ထင်ရှားရှိတုန်း၊ ကျေးဇူးဆပ်ကြပါ၊ ပြုစုကြပါ၊ တန်ဖိုးထားကြပါ...

    အမေ့အား ဂရဝပြုလျှက်...

    #ကိုကိုမိုးဟိန်း
    13 April, 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!