အိမ်ကလေး တလုံး။

in voilk •  4 months ago

    အိမ်လေးတလုံးဆောက်ချင်သည်။
    ယခုခေတ်ကာလ ဈေးနှုန်းဖြင့် အိမ်ဆောက်ဖို့ဆိုသည်က
    အိမ်မက် မက်ခွင့်ပင်မရှိပေ။
    ဝင်ငွေ ထွက်ငွေ က မညီမျှ၊ ရှိတာလေးနဲ့
    အဆင်ပြေအောင် နေထိုင်စားသောက်နေရသည်။

    ကျွန်တော်တို့ လက်ရှိနေသည့်အိမ်ကလေးက
    ကိုးပေ ရှစ်ပေ၊ လေးခန်းပတ်လည်ဖြစ်သည်။
    အမေနှင့် ညီမက တနေရာ၊ အမနှင့် သူ့သမီး
    တနေရာ ကျန်သည့်လွတ်သည့်နေရာမှာ
    ကိုယ်တွေက အိပ်သည်။ ဘုရားစင်ရှေ့ရှိ
    အနည်းငယ်လွတ်နေသော နေရာရှိသေးသည်။

    ထို ဘုရာစင်ရှေ့လွတ်သောနေရာ၌ ကျွန်တော့်အကို
    တာယာပွကြီးက အိပ်သည့်အခါ အိပ်ပြီး မအိပ်သည်က
    များသည်။ သူက အိမ်အောက် ကွပ်ပျစ်မှာ
    အိပ်သည်က များသည်။ မိုးရွာသည့်အခါ
    အိပ်ပေါ်သို့ တက်အိပ်သည်။ တခါတရံ မိုးဖွဲပါမူ
    မိုးရေထဲ၌ ပေကပ်၍ အိပ်နေတတ်သည်။

    ယခုနေသော အိမ်ကို ဆောက်စဉ်က အကိုသည်
    လုပ်ငန်းကောင်းစွာ လုပ်ကိုင်နိုင်သေးသည်။
    ထိုကြောင့် အိမ်ဆောက်သည့်အခါ သူ့ငွေက
    အနည်းငယ်ပါသည်။ သုံးပုံ မှာ တပုံပါဝင်သည်။
    ကျန်ငွေကို ကျွန်တော်တို့က စိုက်ထုတ်ပေးသည်။

    ထိုကြောင့် အကိုယမကာလုလင်သည် ညနေ
    သူမူးလာပါက ကျွန်တော်တို့ကို ပြောဆိုတတ်သည်။
    သူ့အိမ်ကို ယခုမှ လာပြီးကပ်နေကြသည်ဟု
    ပြောဆိုသည်။ နေ့စဉ် မူးလာပြီး ထိုသို့ ရံဖန်ရန်ခါ
    ပြောဆိုသည့်အခါ ကျွန်တော့်အမ စနေသမီးနှင့်
    တွေ့ကြသည်။

    စနေမောင်နှမ နှစ်ဦး စကားနိုင်လုကြပြန်သည်။
    ထိုသို့ ပြောဆိုမှုကို တခါတရံ အမေသည်ပင်
    သူ့သားကို စိတ်ဆိုးသည်။ အမနှင့် အမေသည်
    ခြံဝင်းထဲမှာ နောက်ထပ် အိမ်လေးတလုံးဆောက်၍
    နေချင်သည်ဟု ပြောကြသည်။ အမေနှင့် အမ
    ကံကောင်းကြသည်။

    ကျွန်တော့်တို့ခြံဘေးမှာ နှစ်ဝင်းတွဲခြံသို့
    ကျောင်းလာဖွင့်ရန် ငှားလိုက်သည်။ ထိုခြံ
    အတွင်းရှိ အိမ်လေးကိုဖျက်၍ ကျောင်းပုံစံ
    အဆောင်လေးများပြန်ဆောက်ကြမည်
    ဖြစ်သည်။ ဖျက်ပစ်မည့် ထိုအိမ်လေးကို
    ကျွန်တော်သည် ဆယ်သိန်းဖြင့် ဝယ်လိုက်
    သည်။ ထိုအိမ်လေးကို အဖျက်နှင့် ပြန်ဆောက်ရန်
    အတွက် လက်သမားဆရာများကို
    ဆယ်သိန်း လက်ခပေးရသည်။

    အိမ်ပြန်ဆောက်သည့်အခါ လိုအပ်သော
    ပစ္စည်များကို ဝယ်ယူရာတွင် ရှစ်သိန်းနှင့်
    လှေခါးအုတ်ခုံအတွက် ငါးသိန်းကုန်သည်။
    စုစုပေါင်း သုံးဆယ့်သုံးသိန်းဖြင့် အိမ်ကလေး
    တလုံးတော့ ရုပ်လုံးပေါ်လာသည်။ ဒါတောင်
    ဝင်းထရံ ပြန်ကာရအုံးမည်။ မီးကြိုးများသွယ်တန်း
    ရပေအုံးမည်။ နောက်ထပ် မည်မျှဆက်လက်
    ကုန်မည်မသိသေးပေ။ သို့သော် အမေနှင့်
    အမတို့၏ ဆန္ဒကတော့ ပြည့်သွားပေတော့သည်။

    @htwegyi
    March 7, 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!